RSS

Tuesday, April 27, 2010

လွမ်းနေတယ် သင်္ကြန်ရေ

နှစ်သစ်ကူးချိန် အခါသမယကို ရောက်ရှိလို့ လာပါပြီ…

နှစ်သစ်မင်္ဂလာပါ ….လို့

ဦးစွာ နှုတ်ခွန်းဆက်သပါရစေ…

ပိတောက်တွေဖူးတဲ့ ဒီရာသီ ဒီအချိန် ဒီအခါကို ကျွန်တော်တို့ ရင်ထဲ မက်မက်မောမောနဲ့ တွယ်တာနေမိတာ ကတော့ဖြင့် နှစ်ကူးသင်္ကြန်အခါနဲ့ တွဲဖက်ပြီး ရေသဘင်ဆင်နွဲကြတဲ့ ကျွန်တော်တို့ရဲ့ အပျော်ရွှင်ရဆုံး အကြည်နူးရဆုံး ပွဲတော်တစ်ခု ဖြစ်လို့ပါဘဲ။

ဟိုးငယ်စဉ် အချိန်ခါကနေ အခုရောက်နေတဲ့ အသက်အရွယ် အပိုင်းအခြားထိ သာမက ဘိုးဘိုးဘွားဘွားတွေအထိ သူသူငါငါ အကုန်လုံး ရင်ခုန်ပျော်ရွင် ကြည်နူးရတဲ့ အခါရက်မြတ်ကို ဘယ်သူကများ မျက်စိမှိတ်ပြီး မကြားချင်ယောင် ဆောင်နေနိုင်ပါ့မလဲ.. မနက်ဖြန်ဆိုရင် သင်္ကြန်အခါကို စတင်ဝင်ရောက် လာပါတော့မယ် ကြိုတင်ပြင်ဆင်မှုတွေနဲ့ မြန်မာပြည်ထဲက သင်္ကြန်ပွဲတော်ကို ဆင်နွဲကြမဲ့ မြန်မာပြည်သား အပေါင်းတို့အတွက် တကယ်ကိုဘဲ အားကျ ဂုဏ်ယူမိပါတယ် မြင်ယောင် ကျေနပ်မိပါတယ်…


ဒီလို အချိန်ဆို ဘယ်သူမှ ငြိမ်နေလို့ မရအောင် တကြွကြွ ဖြစ်နေတဲ့ သင်္ကြန်နဲ့ ပတ်သက်ပြီး ခံစားချက်လေး တစ်ခုဖြစ်တဲ့ ဟိုး… ငယ်စဉ်အချိန် ရန်ကုန်မြို့ ဦးဝိစာရလမ်းနံဘေးမှာ နေခဲ့စဉ်က အဖြစ်အပျက်လေး တစ်ခုကို ပြန်တွေးမိရင်း သင်္ကြန်နဲ့ ကျွန်တော့်ရဲ့ကြား ဘယ်လောက်တောင် နွယ်ပတ်ရစ်ခွေခဲ့တယ်ဆိုတဲ့ ခံစားမှုလေးကို သူငယ်ချင်းအပေါင်းကို မျှဝေချင်မိလို့ အခုလို ဒီစာလေး ရေးလိုက်မိပါတယ်။

ရက်က ဧပြီလ ၁၁ရက်နေ့ပါ.. အိမ်ဘေးက လူလေးဖက်စာလောက် ရှိတဲ့ ကုက္ကိုပင်နားမှာ တ၀ဲလည်လည် လုပ်ရင်း သင်္ကြန်ရောက်တော့မဲ့ နောက်နှစ်ရက်အတွက် ဘာပြင်ဆင်ရမှန်းမသိတဲ့ ကောင်လေး တစ်ယောက်ပါဘဲ။ သူငယ်ချင်းတသိုက်က ဘောလုံးကန်ဖို့ လာခေါ်ချိန်မှာ ကျွန်တော် အပြင်းအထန်ငြင်းဆန်ပြီး ခြံထဲဆင်းခဲ့မိတယ်။ ပြီးတော့ ခြံဘေးက ကုက္ကိုပင်နား တစ်ကျော့ပြန်သွားပြီး အတွေးနယ်ချဲ့နေခဲ့မိတယ်။ အချိန်အတော်လင့်တဲ့အထိကို မရေမရာမှုတွေနဲ့ ဝေခွဲမရတဲ့ သင်္ကြန်စိတ်ကူးကို အကောင်အထည်ဖော်ဖို့ အတော်လေးကို ဆန်းသစ်စိတ်ကူးတစ်ခု ဖြစ်ဖို့ ညစ်ထုတ်နေမိတယ်။ တခါခြံထဲ ပြန်ဝင်ပြီး လိုင်ချီးပင်ထက်မှာ ဆောက်ထားတဲ့ လင့်စင်လေးပေါ်တက်ပြီး ကိုယ့်ကိုကိုယ် အားမရဖြစ်နေတာကို လှည့်စားလိုက်မိပြန်ပါတယ်။ ဒီတခါတော့ လင့်စင်စိတ်ကူးဖြစ်သွားသလားမသိ အရမ်းကို ပျော်သွားစေမိတဲ့ စိတ်ကူးတစ်ခုကို ဖျက်ကနဲဆို ရလိုက်ပါတယ်။ အတွေးနယ် ပေါင်းစုံချဲ့ပြီးမှ ထွက်လာတဲ့ သင်္ကြန်အိမ်မက်ကတော့ ကိုယ်ပိုင် မဏ္ဍပ်လေး တစ်ခု ဆောက်မယ်ပေါ့။ ဒီအတွက် သူငယ်ချင်းတွေကို စည်းရုံးဖို့ မလွယ်မှန်း သိပေမဲ့ ကြိုးစားပြီး ဒီမဏ္ဍပ် အိမ်မက်လေးကို အကောင်အထည်ဖော်ဖို့ သိမ်းသွင်းဖို့ စိုင်းပြင်းရပါတော့တယ်။ ဘောကန်ဖိနပ် ကင်းဘတ် ညစ်ထေထေလေးကို ၀တ်ပြီး ဦးထုပ်ဆောင်းပြီး တဖက်ခြံက ဘော်ဒါတွေ စုပြီး ကန်နေတဲ့ ဂိုးကျဉ်း ဘောပွဲလေးဆီကို ချီတက်သွားမိပါတယ်။


ရောက်သွားတော့ လှောင်ပြောင်အပြုံးတွေနဲ့ ရီစရာ စကားတွေဆိုပြီး နေရာမပေးကြတော့ အိပ်ထောင်ထဲက ပီကေကိုထုတ်ပြီး ထိုင်ဝါးနေလိုက်ပါတယ်။ ဘော်ဒါတွေက ပီကေ၀ါးတာ ၀ါသနာပါကြသူတွေပါ။ ပီကေမြင်ရင် မနေနိုင်တတ်ကြတာကို သိတဲ့ ကျွန်တော်က လူလည်ကျလိုက်တာလဲ ပါပါတယ်။ ဒါနဲ့ ကျွန်တော့်ကို တဘက်အသင်းမှာ နေရာပေးပြီး ၀င်ကန်ခိုင်းတဲ့အခါမှာတော့ ကျွန်တော်လည်း ထိန်းမရတဲ့ အပျော်မျက်နှာလေးနဲ့ ဘောလုံးကို တော့ကာတော့ကာနဲ့ ကန်မယ် တကဲကဲလုပ်တော့တာပေါ့။ ပီကေကတော့ ပွဲပြီးမှ ပေးမယ်လေ။ ဒီလူနဲ့ ဒီလူ အထာနပ်ပြီးသားမို့ ကျွန်တော် မလွန်ပါဘူး။ ဒါနဲ့ ကျွန်တော်က ဘောလုံးမကန်ခင် “ဟေ့ ခဏနေအုံး.. ငါမှာ စိတ်ကူးတစ်ခု ရှိတယ် ဒီနေ့ပွဲမှာ တစ်ပွဲကို နာရီဝက်နဲ့ သုံးပွဲဆက်တိုက် ကန်မယ်… မင်းတို့အသင်းနိုင်ရင် လ္ဘရည်လိုက်တိုက်မယ်ကွာ ဆမူဆာကျွေးမယ်ကွာ” ဆိုပြီး ပြောလိုက်ပါတယ်။ တကယ်တော့ သူတို့အားလုံးကို အခုလို ပြုစုဖို့ မုန့်ဖိုး တကယ် လုံလုံလောက်လောက် မရှိတော့ပါဘူး ရေဘူးဘောင်းနဲ့ သင်္ကြန်မျက်မှန်ဝယ်လိုက်မိတာကြောင့် ရေခမ်းနေပါပြီ။ ဒါပေမဲ့ နိုင်အောင် ကန်နိုင်မဲ့ နည်းလမ်း ကျွန်တော့်မှာ ရှိနေတာလဲ ပါတာကြောင့် ကိုယ့်အတွေးနဲ့ ကိုယ် စိန်ခေါ်လိုက်တာပါ။ ထုံးစံအတိုင်း တကယ်လို့ သူတို့ ရှုံးရင်ရောဆိုလာတော့ “ဟဲဟဲ.. မင်းတို့ရှုံးရင် ငါခိုင်းတာ ၀ိုင်းလုပ်ပေးရမယ်… မကျေနပ်ရင်တော့ ပြန်မယ်… ဘယ်လိုလဲ” ဆိုပြီး ခပ်ရင့်ရင့်ဘဲ ပြောလိုက်တော့ အိုကေပေါ့.. ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အမက အိမ်ထဲက ထွက်လာတာနဲ့ ဒိုင်လုပ်ခိုင်းလိုက်တယ် ဒိုင်လုပ်ခကလည်း ပီကေတစ်ခု ကျွေးလိုက်ရပြန်ပါတယ်။ (ပုံမှန်ဆို အားကြီး နှမျောတတ်တဲ့ ကျွန်တော်က ဒီနေရာမှာ မနှမျောရမှန်း သိတတ်နေခဲ့တာ အခုမှ ပြန်ပြီး သတိထားမိသွားတယ်။) ဒါနဲ့ ဘောပွဲလေး စလိုက်တယ်ဆိုရင်ဘဲ ကျွန်တော့်ဘက် ၃ယောက်စလုံးဟာ ဘောလုံးကိုင်ရာမှာ ကျွမ်းကျင်တာကြောင့် တဖက်အသင်းဟာ စတယ်ဆိုရင်ဘဲ ဂိုးပေးလိုက်ရပြီး ဒုတိယအကျော့အပြီးမှာတင် ကျွန်တော်တို့ အသင်းဟာ အနိုင်ရ သွားခဲ့ပါတယ်။ အဲ့မှာတင် ကျနော့်ရဲ့ လက်ခုပ်ထဲရောက်သွားတဲ့ သူတို့အားလုံးကို ကျွန်တော်က မဏ္ဍပ်ဆောက်တာ ၀ိုင်းကူဖို့ ပြောပါတော့တယ်။

မဏ္ဍပ်ဆောက်တယ်ဆိုတာ ကျွန်တော်တို့လို လူငယ်လေးတွေအတွက် အတော်လေး ခက်ခဲတဲ့ အရာတစ်ခုပါ။ ဖြစ်ချင်တဲ့ မဏ္ဍပ်ပုံစံက သပ်သပ်ရပ်ရပ်နဲ့ ကားတွေကို အထက်စီးကနေ ပက်လို့ရမဲ့ ပုံစံမျိုးပါ။ ဒါကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်မယ်ဆိုပြီး အားလုံးလဲ ညီနေကြတာနဲ့ ကိုယ့်အိမ် သူ့အိမ်မှာ ရှိတဲ့ သံတွေ တူတွေ သစ်တွေ ဆွဲထုတ်ပြီး ကျွန်တော်တို့ရဲ့ အိမ်ဘေးက ကုက္ကိုပင်ဘေးမှာ လာစုလိုက်ကြပါတယ်။ အဲ့မှာ စပြီး ဒုက္ခတွေ့ရတာကတော့ လက်သမားဆရာတွေ မဟုတ်တဲ့ ကျွန်တော်တို့ ဘယ်လိုကစပြီး ဒီသင်္ကြန်အိမ်မက်ကို အကောင်အထည် ဖော်ရမယ်ဆိုတာ မသိတာပါဘဲ။ ထိုင်ပြီး စိတ်ပျက်လက်ပျက်နဲ့ ရှိနေပြီး ပီကေကလည်း တ၀ါးဝါးပေါ့။ အဲဒီအချိန်မှာ ကျွန်တော့်အဖေက နေ့လည်ခင်း တရေးနိုးပြီး ခြံထဲကို ဆင်းလာတာမှာ ကျွန်တော်တို့ကို တွေ့ပြီး ဘာလုပ်နေတာလဲ မေးတော့ သူတစ်ပေါက် ငါတစ်ပေါက် ဖြေလိုက်ကြတာ ချက်ဆိုနားခွက်က မီးတောက်သွားတဲ့ အဖေက ချက်ချင်း ဦးထုတ်ဆောင်းပြီး သူ့ရုံးကို ထွက်သွားပါတော့တယ်။ မကြာဘူး ကားတစ်စီးနဲ့ လူငါးယောက်လောက် ခေါ်လာပြီး ဘာမပြောညာမပြောနဲ့ ကျွန်တော်တို့ သစ်တွေ သံတွေကို ဖယ်ထုတ်လိုက်ပါတယ်။ အဲဒီမှာတင် မဏ္ဍပ်လေးတစ်ခုဟာ မလှပေမဲ့ ခိုင်ခိုင်ခံခံနဲ့ ၃နာရီအတွင်း ပြီးသွားပါတယ်။ အတော်လေး မြန်တဲ့ လက်သမားဆရာတွေပါ။ သူတို့ ဆောက်နေစဉ်အတွင်းမှာ ကျွန်တော်တို့က အုန်းလက်တွေ ခုတ်ပါတယ် ပေပါတွေကို ထုတ်ပါတယ်။ တိုင်တွေကို ဆေးသုတ်ဖို့ အိမ်မှာရှိတဲ့ အစိမ်းရောင် ဆေးပုံးကြီးကို ထုတ်ပြီး မြေဖြူမှုန့်နဲ့ ရောလိုက်ပါတယ်။ အဲ့မှာတင် ကိုယ်တိုင် ပြင်ဆင်မွမ်းမံခွင့် အလုပ်တစ်ခုကို ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် အားရပါးရ လုပ်လိုက်ကြပါတော့တယ်။ ပျော်လိုက်တဲ့ ဖြစ်ချင်းပါဘဲ ငယ်ငယ်တုန်းက ရေပေါလှတဲ့ ကျွန်တော်တို့ မဏ္ဍပ်အတွက် တကယ်ကို အားရစရာပါဘဲ။ ဖက်ဖူးစိမ်းရောင် တောက်ပနေတဲ့ ကျွန်တော်တို့ မဏ္ဍပ်လေးမှာ ပေပါတွေ ၅လုံးနဲ့ သူငယ်ချင်းအဖေ တစ်ယောက် ယူလာပေးတဲ့ ရေတွန်းစက်ကြောင့် မီးသတ်ပိုက်နီးပါး သုံးလို့ရတဲ့ ရေပိုက်ခေါင်းတစ်ခုပါ ပိုင်ဆိုင်သွားတာကြောင့် ဒီမဏ္ဍပ်ထဲမှာဘဲ စုပြီး ပိတိမျက်နှာကိုယ်စီနဲ့ အိပ်ရာဝင်ခဲ့ကြပါတယ်။

နောက်တနေ့ မနက်မိုးလင်းတော့ အမေပေါင်းပေးတဲ့ အုန်းနို့ကောက်ညင်းပေါင်းနဲ့ ငါးခြောက်ဖုတ်ကို ဒီမဏ္ဍပ်ထဲမှာဘဲ တ၀စားနေတုန်း…. ဗွမ်းကနဲဆို ကျွန်တော်တို့အားလုံး ရေတွေ ရွဲရွဲဆိုသွားပါတော့တယ်။ ဟီး.. ဆိုပြီး အပြုံးကိုယ်စီနဲ့ ဂျစ်ကားတစ်စီးနဲ့ မမတွေပိုများတဲ့ လူတစ်သိုက်ဟာ ကျွန်တော်တို့ကို ကားပေါ်ကနေ ရေနဲ့ပတ်ပြီး ဆင်းလာကြပါတယ်.. ငါတို့လဲ မကျွေးဘူးလားဆိုတော့ ရပါတယ် စားပါဆိုပြီး ကျွေးလိုက်ပါတယ် ဒါနဲ့ သူငယ်ချင်းတစ်ယောက်က မျက်စပစ်ပြတာနဲ့ ကျွန်တော်လည်း ခြံထဲဝင်၊ မီးဖိုချောင်ထဲက အိုးမဲကို တ၀ကြီး လက်နဲ့ပွတ်ပြီး ပြန်လာခဲ့ပါတယ်။ မကြာပါဘူး ဘယ်တုန်းက ငတ်လာတဲ့ အီတီယိုးပီးယားတွေလည်း မသိဘူး ကျွန်တော်တို့ ကောက်ညင်းပေါင်း၂ပန်ကန်ကို အကုန်စားလိုက်ကြပါတယ်။ စားလို့ ပြီးတယ်ဆိုရင်ဘဲ ကျွန်တော်က စပြီး သူငယ်ချင်းတွေကို လက်ချင်းပွတ်ပြီး အိုးမဲ့ လက်ဆင့်ကမ်းလိုက်ပါတယ်။ ပြီးတော တပြိုက်နက်ထဲဆိုသလို အားရပါးရဘဲ သူတို့ မျက်နှာ နုနုလှလှလေးတွေကို မဲတူးနေတဲ့ အိုးမဲနဲ့ သုတ်ပြီး အရောင်ဆိုးလိုက်ကြပါတော့တယ်။ ပျော်လိုက်တဲ့ ဖြစ်ချင်းပါ။ တကယ်ကို အခုချိန်ထိ အမှတ်ရမိတဲ့ မထင်မှတ်ထားတဲ့ တဒဏ အဖြစ်အပျက်လေးပါဘဲ။ အဲဒီ မမတွေ ကိုကိုတွေကလည်း ကျွန်တော်တို့ကို လက်စားချေချင်ပေမဲ့ မတုန့်ပြန်နိုင်ဘဲ အောင့်သီးအောင့်သက်နဲ့ ကားပြန်ထွက်သွားကြပါတယ်။ အဲဒီနေ့က သင်္ကြန်အကြိုနေ့ထင်ပါရဲ့ ကားနဲ့ အလည်ထွက်မဲ့ သူတွေက လမ်းကြောင်းရှာဖို့နဲ့ မဏ္ဍပ်ပေါ်တဲ့နေရာတွေကို စုံစမ်းဖို့ အကြိုထွက်ပျော်ကြလေ့ ရှိပါတယ်။ ခုနက အဖြစ်အပျက်လေး ပြီးသွားတဲ့ နောက်မှာတော့ ကျွန်တော်တို့ဟာ အဖေအမေ၀ယ်ပေးထားတဲ့ အကျီဘောင်းဘီအသစ်လေးတွေ သွားဝတ်ပြီး ပတ်ဝန်းကျင် အိမ်တွေက အဖော်သူငယ်ချင်းတွေကို ကိုယ့်မဏ္ဍပ်မှာ စည်ကားအောင် လိုက်ခေါ်ကြပါတယ်။

မထင်မှတ်လောက်အောင် စည်ကားသွားခဲ့တဲ့ ကျွန်တော် အမြဲ ပြန်မြင်ယောင်နေမိတဲ့ ငယ်ငယ်က သင်္ကြန်ကို တခါ ပြန်ရောက်ချင်ပေမဲ့ အိုဟောင်းသွားတဲ့ နှစ်ဟောင်းတွေကို ပြန်ပြီး နှုတ်ယူလို့ မရသလို လူဘ၀ရဲ့ အမောတွေကို တကယ်ကို ရင်ဝယ်ပိုက်ရတဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့ တနှစ်မှ မလွတ်တမ်း ပျော်နေမိခဲ့တဲ့ ဒီသင်္ကြန်ပွဲတော်ကို လက်လွတ်နေရတဲ့ လေးနှစ်တာကာလကိုလည်း လေပြေခပ်ညင်းညင်းလေး မှုတ်ထုတ်ပြီး စိတ်တိုမိနေပါတော့တယ်…



ရွက်သစ်တွေ ဝေလို့ ရွက်ကြွေဟောင်းတဲ့ ဒီအခါသမယမှာ ပိတောက်လဲဖူး ငါလဲ ရူးပေါ့ လေရူးနှင့်လား ငါ့တွေးများသည် ….

ဓါတ်ပုံများကို အွန်လိုင်းမှ ရယူ သုံးစွဲမိပါသည်

0 comments:

Post a Comment